Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇန်နဝါရီ ၂၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ ရစ်ဝတံတား တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့အတွက် ဒေသထွက်ကုန်များ တင်ပို့ခြင်းအတွက် အရေးပါသည့် လမ်းမကြီးတစ်ခုဖြစ်၍ လမ်းအရည်အသွေးကောင်းမွန်ခြင်းနှင့် တံတားများ၏ အရည်အသွေးများ ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် တံတားကမ်းကပ်ခုံများ ရေတိုက်စား မှုဒဏ်ကာကွယ်ရေးစနစ်များ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၌ မွေးမြူရေးလုပ်ငန်း ရှင် ဦးကျော်ဝင်း၏ အသားစားကြက် ကောင်ရေ(၆၀၀၀၀) အောင်မြင်စွာ မွေးမြူထားရှိမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်တိုးချဲ့မွေးမြူရန်၊ သဘာဝရေပြင်ပေါများသည့် ဒေသဖြစ်၍ ဘဲမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဇီဝလုံခြုံရေး အထူးဂရုစိုက်မွေးမြူရန်နှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ဖြင့် တိရိစ္ဆာန်ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ ဇွဲဘာကျေးရွာ၌ တစ်ကွင်းတစ်ဆက် တည်း ပဲတီစိမ်းစံပြကွက်ဧက(၅၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကဝမြို့နယ်သည် ပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်၍ မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျရောစပ်ကြဲပတ်ရန် လမ်းညွှန်မှာ ကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် အသီးအပွင့်အားဆေးများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ကဝမြို့နယ်အတွင်း ရေဝင်ရောက်မှု လျော့နည်းသက်သာစေရေး ဘုမ္မစိုးရေထုတ်မြောင်း တူးဖော်ပေးနိုင်ရေး တွက်ချက် တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ ကျားတက်ကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်သန်းသန်းဖြူ၏ ရိုးရာယက္ကန်းလုပ်ငန်း၌ အမျိုးသမီးလုံချည်နှင့် တိုင်းရင်းသားရိုးရာအထည်များ ရက်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အထည်ကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် ကိုယ်ပိုင်တံဆိပ်ဖြင့် ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိနိုင်ရေး၊ ယက္ကန်းနည်းပညာသစ်များရရှိနိုင်ရေးနှင့် ကျေးရွာအတွင်းရှိ ယက္ကန်းလုပ်ငန်းများအား အစုအဖွဲ့ ဖွဲ့စည်း၍ ချေးငွေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။