Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ဒိုက်ဦး ဇူလိုင် ၈

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့က ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွားအုပ်စု၌ တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်(၃)သီးစိုက် မြေနေရာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည့် လယ်မြေဧရိယာ(၁၂၅)ဧကတွင် ကြိုတင် ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ အုပ်စု၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထုတ်လုပ်ခဲ့သည့် လက်ဆွဲကောက်စိုက် စက်အသုံးပြု၍ တစ်ကွင်းတစ်ဆက်တည်း မိုးစပါး(၄၅၀)ဧက စုပေါင်းစိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်စေရေး အထူးအလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ (၆)မျိုး အပြင် နွေစပါးလည်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိခဲ့ကြောင်း၊ ယခုအခါ မိုးစပါးသီးနှံအား ပန်းတိုင် အထွက်နှုန်းရရှိရေး စတင်စိုက်ပျိုးချိန်မှစ၍ ခေတ်မီနည်းစနစ်များ အသုံးပြုစိုက်ပျိုးစေခြင်းနှင့် မိရိုးဖလာ စိုက်နည်းစနစ်များ လုံးဝပြောင်းလဲပေးနိုင်ရေး တန်ဖိုးနည်းစက်မပါ လက်ဆွဲကောက်စိုက်စက်နှင့် စက်တပ် လက်ဆွဲကောက်စိုက်စက်များ၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်များ စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့ သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးမှူးက မိုးစပါးစိုက် ရာသီတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါများ နှိမ်နင်းခြင်းဆိုင်ရာ အသိပညာပေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံ တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကာ တန်ဖိုးနည်း စက်မပါလက်ဆွဲကောက်စိုက် စက်နှင့် စက်တပ်လက်ဆွဲကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးနေမှုတို့ အား ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းရှင် ဦးသန့်ဇင်ထွန်း၏ ခြံလှောင်စနစ်ဒေသကြက်ကောင်ရေ(၇၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာ နေဗီယာမြက်များ စိုက်ပျိုးသွားရန်နှင့် ဒေသခံတောင်သူများနှင့် တွဲဘက်၍ အကျိုးတူ မွေးမြူရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကာ သီးခြား ဆိတ်မွေးမြူရေးလုပ်ငန်းရှင်များ၊ နွားမွေးမြူရေးလုပ်ငန်းရှင်များ၏တွေ့ဆုံ၍ တိရစ္ဆာန်အားတိုးဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။