Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II) စီမံကိန်းအပြီးသတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II) စီမံကိန်းအပြီးသတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၃၁

          ပဲခူးမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II) စီမံကိန်းအပြီးသတ် အခမ်း အနားအား အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း များ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II)အရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ သင်တန်းများပို့ချပေးခြင်း၊ အထောက်အကူပြုပစ္စည်း များ ပေးအပ်ခြင်း၊ နမူနာကောက်ယူခြင်းနှင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ပြီး တရုတ်ပညာရှင်(၂)ဦး ငှားရမ်း၍ Online ကနေ နည်းပညာများရယူဆောင်ရွက်နိုင်ခဲ့သဖြင့် ပဲခူး တိုင်းဒေသကြီး၏ ရေထွက်ကုန်ပစ္စည်းလုပ်ငန်းရှင်များအတွက် အလွန်အကျိုးကျေးဇူးရရှိခဲ့ကြောင်း၊ ယင်း စီမံကိန်းကြောင့် တိုင်းဒေသကြီးအတွင်း ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးချဉ်၊ ပုစွန်ချဉ်၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိရေကျို၊ ငါးပိထောင်းများသည် စားသုံးသူများအတွက် အစားအစာ ဘေးအန္တရာယ်ကင်းရှင်း စွာဖြင့် ထုတ်လုပ်နေသည့် လုပ်ငန်းများဖြစ်ကြောင်း သက်သေပြသခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ထုတ်ကုန် ပစ္စည်းများအား အဆင့်မြင့်ထုတ်ပိုးမှုစနစ်ပြောင်းလဲလိုက်ပါက ထုတ်ကုန်အရည်အသွေးတိုးတက်လာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်လာနိုင်သဖြင့် ကြိုးစားပြောင်းလဲ ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းမှ လည်း အရည်အသွေးအာမခံပေးထားတဲ့ ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ တင်ပို့မည့်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်၍ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် စီမံကိန်းမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ သင်တန်းမှရရှိသည့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာများကို မိမိလုပ်ငန်းခွင်မှာ ရေရှည်အသုံးချသွားရန်နှင့် မိမိတို့လုပ်ငန်းများ တိုးတက်ရေး၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုးစားထုတ်လုပ်ဆောင်ရွက်သွားကြစေလို ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းတာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်း ဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်း Video Clip အား ကြည့်ရှုခဲ့ ကြပြီး အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းရှင်တစ်ဦးက စီမံကိန်းကြောင့် ရေထွက်ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံစွာဖြင့် အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ခဲ့မှု အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဒေသထွက်ရေထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။