Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပြည်မြို့၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပြည် ဇူလိုင် ၂

          ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် လူမှုရေးရာ ဝန်ကြီး ဦးမျိုးအောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သွားကြစို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြ သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျောင်းသားလူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ အတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ် သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင် သူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပညာဆိုသည်မှာ ဆောင်ရန်၊ ရှောင်ရန်တွေ ကို ခွဲခြားသိမြင်လိုက်နာခြင်းသုံးခြင်းဖြစ်ကြောင်း ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူကို ပညာကသာ ခွဲခြားသတ်မှတ်ပေးထားကြောင်း၊ လူကြီး လူငယ် လူရွယ်အားလုံး အခြေအနေပေးသလို စာဖတ်ကြရန်လိုအပ်ပြီး စာများများဖတ်လေ အကောင်း အဆိုး ခွဲခြားသိမြင်နိုင်မှာဖြစ်ကာ စာဖတ်အရှိန်အကောင်းလာပါက ဖတ်သင့်သည့်စာနှင့် မဖတ်သင့်သည့် စာ သိရှိလာနိုင်မှာဖြစ်ကြောင်းနှင့် ဉာဏ်ပညာသည် တစ်နှစ်တစ်တန်း ပုံမှန်အောင်နေရုံ၊ တက္ကသိုလ်တက်ရုံ၊ ဘွဲ့ရရုံဖြင့်မရနိုင်ဘဲ စာအုပ်စာပေ ဖတ်မှတ်လေ့လာမှ ရရှိနိုင်မှာဖြစ်၍ ကျောင်းသား/သူ များကလည်း ကျောင်းစာများအပြင် ဗဟုသုတရရှိဖို့ စာအုပ်စာပေများ လေ့လာဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က စာကြည့်တိုက် များအတွက် စာအုပ်စာပေ ထောက်ပံ့လှူဒါန်းခြင်းနှင့် သီးခြားအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာအုပ်စာပေအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် စာပေ ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေ ခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောပြခြင်း စသည့်သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် စာအုပ်စာပေပြခန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုပြခန်းများ၊ တက္ကသိုလ်ဆိုင်ရာ ဘာသာရပ်ပြခန်းများ၊ စာကြည့်တိုက်များ၊ ကျောင်းသား/သူ စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်ဈေးရောင်းပွဲတော်များအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။