Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ဗုဒ္ဓအသံဓမ္မဗိမာန်ရှိ သဘာဝဘေးကွပ်ကဲမှုရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးသဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အောက်ဘက်ရှိ ကျေးရွာများတွင် ရေဝင်ရောက်သဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ်ခဲ့သည့် လမ်း/တံတားများ၏ ကြံ့ခိုင်မှုကို စစ်ဆေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ တစ်ပါတည်း ပြင်ဆင်သွားရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများ အတွင်း လျှပ်စစ်မီးအန္တရာယ်နှင့် ဝမ်းရောဂါဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ခြင်းများ ဆောင်ရွက်သွားရန်နှင့် ရေဝပ်နေသည့်နေရာများတွင် ရေစုပ်စက်များဖြင့်စုပ်ထုတ်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက်တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးနှင့် တိုင်းဒေသကြီး အဆင့် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဝင်များက ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေ များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုနှင့် ရေထွက်ပေါက်များ အခြေအနေ တို့အား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ပဲခူးမြို့ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ ဟံသာဝတီ ရှေးဟောင်းကျုံး၊ မိုးကောင်းတံခါးပေါက်ရှိ ကျုံးကူးတံတားဘေး၌ ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားကြီးများဖြင့် အမှိုက်နှင့်ဗေဒါပင်များ ဖယ်ရှားရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ကျုံးနှင့် ဆက်စပ်နေသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ရေထွက်ပေါက်အား ပြန်လည်အဆင့် မြှင့်တင်ပေးရန်နှင့် ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန် တာဝန် ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေများပြန်လည်ကျဆင်းသွားသည့် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ စုပေါင်း၍သန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေးပြုလုပ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့မဈေးအတွင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်းမရှိစေရေးလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ်ကူးတံတားမှ ပဲခူးမြစ် ရေစီးဆင်းနေမှုအခြေအနေများ၊ ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့်နေရာများနှင့် ပဲခူးမြို့၊ အရှေ့ဘက် မြို့ရှောင်လမ်းပေါ်ရှိ ရေကျော်ခဲ့သည့်ကားလမ်းနှင့် တံတားရေထွက်ပေါက်များမှရေစီးထွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။