Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူခရိုင်အတွင်း   ရေကြီးရေလျှံမှုခံခဲ့ရသည့် မြို့နယ်များမှ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး

တောင်ငူခရိုင်အတွင်း   ရေကြီးရေလျှံမှုခံခဲ့ရသည့် မြို့နယ်များမှ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး

တောင်ငူ စက်တင်ဘာ ၂၇

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၇)ရက်နေ့၊ တောင်ငူမြို့၊ သာသနာ့ဟိတကာရီဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် ခရိုင်ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှု ရုံးသို့ ရောက်ရှိခဲ့ပြီး တောင်ငူခရိုင်အတွင်း   ရေကြီးရေလျှံမှုခံခဲ့ရသည့် မြို့နယ်များမှ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။

           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် ခန့်မှန်းရမလွယ်ကူသော်လည်း ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းနှင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြင့် ယခုအခါ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိဒေသ၏ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများဖြစ်၍ အစိုးရ၏ပံ့ပိုးကူညီမှုများအား မိမိတို့ဒေသ၏ စည်းရုံးရေးစွမ်းအားဖြင့် ပေါင်းစပ်၍ ပြန်လည်ထူထောင်ရေးအပိုင်းတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ရေကြီးရေလျှံမှုကြောင့် နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှုများအား စနစ်တကျကွင်းဆင်းစိစစ်မှတ်တမ်းတင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ကျောင်းမတတ်နိုင်သည့် ကျောင်းနေရွယ်ကလေးများအား  ကျောင်းပြင်ပပညာရေးစနစ်ဖြင့် စုစည်းသင်ကြားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်၊ မိုးသီးနှံထိခိုက်သည့် ဧကများတွက် ဆောင်းသီးနှံ အထွက်နှုန်းကောင်းသော မျိုးများတိုးချဲ့စိုက်ပျိုးရန်နှင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများရှိပါက တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

           ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များက ရေကြီးနစ်မြှုပ်မှုနှင့် ပြန်လည် အစားထိုး စိုက်ပျိုးမည့် အစီအမံများကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိုးအိမ်ထိခိုက်ပျက်စီးမှု၊ လမ်း/တံတား ၊ လယ်သမားတာများ ပြင်ဆင်နိုင်ရေးနှင့် သီးခြားလိုအပ်ချက်များ တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးမည့် မီးဖိုဆောင်သုံးပစ္စည်းများ၊ ရေတွင်းရေကန် သန့်စင်စက်များနှင့် စေတနာရှင်ပြည်သူများလာရောက်လှူဒါန်းထားသည့် အဝတ်အထည်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ ယောကျ်ားဝတ်၊ မိန်းကလေးဝတ်၊ ကလေးဝတ် စသည့် အမျိုးအစားခွဲခြား၍ စနစ်တကျ ပြန်လည်ထုပ်ပိုးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် Hansae Myanmar Co,. Ltd မှ အဝတ်အထည်များလာရောက်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။