Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ရွှေတောင် အောက်တိုဘာ ၁၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာလ(၉)ရက်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု ၌ တောင်သူ ဦးစိုးအောင်၏ ဗီယက်နမ်မျိုး မိုးစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၂)သီး စိုက်ပျိုးနေရာမှ သီးထပ်စွမ်းအား တိုးတက်စေရေး တစ်နှစ်(၃)သီးစိုက်ပျိုးရန် လိုအပ်သည့် စိုက်ပျိုးရေရှိ ရေး၊ နွေနှမ်းအား ဘောင်ကြီးတင်စနစ်စိုက်ပျိုးနိုင်ရေး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုတင်း(၁၆၃)တင်း ထွက်ရှိကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ဝါးလည်ကျေးရွာအုပ်စု၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း ကောက်ယူနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ဝါးလည်ကျေးရွာရှိ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း” စာကြည့်တိုက်သို့ သွားရောက်၍ ကျောင်းသားလူငယ်များ စာကြည့်တိုက်အတွင်း စာပေဖတ်ရှုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စာကြည့်တိုက်အတွက် ငွေကျပ်သိန်း (၃၀)တန်ဖိုးရှိ သုတ/ရသ စာအုပ်များနှင့် ယဉ်ကျေးလိမ္မာအသိပညာပေး စာအုပ်/စာစောင်များ ထောက်ပံ့ လှူဒါန်းခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ဦးဝိုင်းတင်(ရွှေနဂါး) အထည်စက်ရုံမှ အိပ်ယာခင်းထုတ်လုပ်နေမှုနှင့် ဦးရွှေသန်းဌေး(ကျားအထည်စက်ရုံ)မှ မှန်ဇာ၊ ပတ်တီးလိပ်နှင့် အနှီးပိတ်များ ထုတ်လုပ်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်ခရိုင်မှ ထွက်ရှိသည့် ဝါများအား တိုက်ရိုက်ရောင်းချခြင်းမပြုဘဲ ဒေသထွက်ကုန်ကြမ်းပစ္စည်းများအား ချည်ငင်ခြင်း မှစ၍ ယက်လုပ်ခြင်း၊ ဆေးဆိုးခြင်း၊ ပေါင်းခံခြင်း စသည့် ဈေးကွက်ဝင် ကုန်ချောပစ္စည်းအဆင့်ထိ ထုတ် လုပ်နိုင်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။