ပဲခူး မေ ၇

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ မေလ(၇)ရက်နေ့၊ နံနက်ပိုင်းအချိန်က ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သော နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခုလို နွေရာသီ အဆင့်မြင့် အားကစားသင်တန်းသို့ တက်ရောက် သည့် သင်တန်းသားများအနေဖြင့် မိမိတို့ ဝါသနာပါသည့် အားကစားနည်း တစ်နည်းနည်းကို တက်ကျွမ်းအောင် သင်ကြားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေပြီး အားကစားဖြင့် အနာဂတ်၏ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်း ပေါ်ထွက်လာနိုင်မှာ ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများ အနေနဲ့လည်း မိမိတို့ရဲ့ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိတဲ့ လူတော်လူကောင်းများ ဖြစ်လာစေဖို့ ဆက်လက်ပြီး စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမယ့် နွေ ၊ မိုး ၊ ဆောင်း နှစ်လုံးပေါက် အားကစား သင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးပေးသွားကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ရက်ပေါင်း ၁၀၀ အတွင်း Pilot Project အနေဖြင့် Football for School Smart School Program များကို ဖော်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ ယခု နွေရာသီ အဆင့်မြင့်အားကစားသင်တန်းမှ သင်ကြားပေးလိုက် သည့် မိမိတို့ဝါသနာပါရာ အားကစားနည်းများကို ဆက်လက်၍ စဉ်ဆက်မပြတ် လေ့ကျင့်၊ လေ့လာ ခြင်းအားဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာနိုင်မှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းနည်းပြဆရာ/ဆရာမ ၃၂ ဦးအတွက် ဂုဏ်ပြုငွေကျပ်(၃၂)သိန်းအား ပေးအပ်ပြီး ဘောလုံးသင်တန်းနှင့် အေရိုးဗစ်သင်တန်းတို့အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြံ့ခိုင်ရေးအက၊ လက်ဝှေ့၊ တင်းနစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ကရာတေး၊ Fitness Dance သင်တန်းများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ကြသည်။
ဆက်လက်၍ ကရာတေး၊ လက်ဝှေ့၊ Fitness Danceစသည့် အားကစားနည်းအလိုက် သင်တန်းသား / သင်တန်းသူများက သရုပ်ပြသကစားကြပြီး သရုပ်ပြကစားကြသည့် အားကစားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး နွေရာသီ အဆင့်မြင့် အားကစားသင်တန်းကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဘောလုံး၊ အေရိုးဗစ်၊ လက်ဝှေ့၊ တင်းနစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ကရာတေး၊ Fitness Dance စသည့် အားကစားနည်း(၈)မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website