တောင်ငူ စက်တင်ဘာ ၃

တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူဒေသသည် ရှေးဟောင်း အမွေအနှစ်မြို့တော်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်း ကုန်ကြမ်းပစ္စည်းများ ပေါကြွယ်ဝပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ဒေသတစ်ခုဖြစ်၍ MSMEကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလားအလာ အကောင်းဆုံး ဒေသတစ်ခုဖြစ်သည့်အပြင် အထူးဖွံ့ဖြိုးရေးဒေသ တစ်ခုအဖြစ် ဖော်ဆောင်ပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME နှင့် အခြားကဏ္ဍစုံအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အရည်အသွေးမြင့် ကော်ဖီ၊ သဘာဝမျှစ်နှင့် မှိုထုတ်လုပ်ရေး လုပ်ငန်းများသည် ပြည်ပပို့ကုန်အထိ ထိုးဖောက်နိုင်သည့် အခွင့်အလမ်းကောင်းများရှိသလို ရာသီအလိုက် ထွက်ရှိသည့် သစ်သီးဝလံများအား အေးခဲအခြောက်ခံပြီး ပြည်ပသို့ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ကြောင်း၊ ဒေသထွက် MSMEs ထုတ်ကုန်ပစ္စည်းများကို မိရိုးဖလာ လုပ်ကိုင်ထုတ်လုပ်မှုစနစ်မှ နည်းပညာနှင့် ခေတ်မီစက်ပစ္စည်းများကို အသုံးပြု၍ ထုတ်ကုန်တန်းဖိုးမြှင့် တင်ခြင်း ဆောင်ရွက်မှသာ ပြည်တွင်း/ပြည်ပ စျေးကွက်ယှဉ်ပြိုင်စွမ်းများ တိုးတက်ရရှိလာပြီး ရေရှည် ခိုင်မာသည့် စျေးကွက်ရရှိမှာဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများအလိုက် အရည်အသွေးမြင့် ထုတ်ကုန်တန်ဖိုး တိုးတက်လာစေရေး ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တောင်ငူခရိုင်အတွင်းရှိ MSMEs လုပ်ငန်းရှင်များက လိုအပ်သည်များ အသီးသီး တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ငူ တောင်ငူခရိုင် အတွင်းရှိ MSMEs လုပ်ငန်းရှင် ၁၂၅ ဦး၏ ဒေသထုတ်ကုန် လယ်ယာသုံးစက်ကိရိယာနှင့် စားသောက်ကုန် လုပ်ငန်းပြခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ လုပ်ငန်းရှင် ဦးဇော်မင်းထိုက်၏ “သဇင်ဝါ” ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စွန့်ဦးတီထွင် လုပ်ငန်းရှင် ဦးဇေယျာအောင်၏ “ဖီးနပ်” ဇီဝမီးသွေးဖိုထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စပါးအပါအဝင် အခြားတန်ဖိုးမြှင့် သီးနှံအခြောက်ခံစက်များ စမ်းသပ်ထုတ်လုပ်နိုင်ရေး၊ မီးသွေးမှုန့်များဖြင့် စိုက်ပျိုးရေးသုံး Biocharအဖြစ် ပြန်လည်သုံးစွဲရန်၊ ထုတ်ကုန်အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရန် နည်ပညာရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website