Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး ဧပြီ ၂၈

          ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ အဆိုပါအဆောက်အုံ၌ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့ကြသည်။

          ရှေးဦးစွာ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊ လူရည်ချွန် မခြူးတိမ်လွှာထက်နှင့် ထူးချွန်အားကစားသမား မမေဟန်နီနီအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်တို့က လူငယ်စင်တာ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူငယ်စင်တာကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည် များ ပတ်ဖျန်းပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ လူငယ်စင်တာအဆောက်အဦ၌ ပါဝင်သည့် GYM ခန်းမ၊ အနုပညာ(ဂီတ)ခန်းမ၊ စာကြည့်တိုက်၊ ရုံးခန်း၊ ကွန်ပျူတာခန်းမ၊ အနုပညာ(ပန်းချီ)ခန်း၊ သက်မွေးသင်တန်းခန်းတို့အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် လူငယ်စင်တာဖွင့်ပွဲ အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပဲခူး တက္ကသိုလ်ကျောင်းသား/သူများက “လူငယ်စွမ်းရည်”သီးချင်းဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် ဦးတည်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့် ယခုဖွင့်လှစ်ခဲ့သည့် လူငယ်စင်တာအား အကျိုးရှိရှိ အသုံးချပြီး နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်နိုင်သော ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားရင်း ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင် အားကြိုးမာန်တက်ပါဝင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်စင်တာနှင့်ပတ်သက်၍နှုတ်ဆက်အမှာစကား ပြော ကြားခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘင်ခရာ၊ ပန်းပွားနှင့် သီဆိုဖျော်ဖြေခဲ့သော အဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။