Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား ဘက်စုံမြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား ဘက်စုံမြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၌  တစ်ကွင်းတစ်ဆက်တည်း ဧက(၅၀) လက်ဆွဲကောက်စိုက်စက်ဖြင့် တောင်သူသရုပ်ပြ YSR-1 မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစိုက်ပျိုး နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ကြို့ပင်စခန်း ကျေးရွာအုပ်စု၊ ကညင်တန်းလမ်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လမ်းဝဲ/ယာတွင် အရိပ်ရ ပြီး စားသုံးနိုင်သည့် ပေါက်ပန်းဖြူ၊ မန်ကျည်း၊ ကြောင်လျှာ၊ သခွတ်ပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးရွာလမ်းများ၊ ကုန်ထုတ်လမ်းများအားလုံး မိုးတွင်းကာလအပြီး သစ်ပင်များစိုက်ပျိုး သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့နယ်၊ ဝက်လှကြီး ကျေးရွာအုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် တစ်ကွင်းတစ်ဆက် တည်း ဧက(၅၀) YSR-1 မျိုး မိုးစပါး စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မိုးညိုမြို့နယ်၊ ပတ်တော်ကျေးရွာအုပ်စု၊ မြစ်သာကျွန်းကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း ဆီထွက်သီးနှံ မိုးနှမ်းဧက(၅၀) စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် မြစ်သာမြစ်အကြား မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြှုပ်မှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မိုးညိုမြို့နယ်၊ ရေတားတာကြံ့ခိုင်မှုနှင့် ရေကင်းများ ချထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကျော်နိုင်သည့် နေရာများအား သဲအိပ်များ ဖြင့် ရေဘောင်မြှင့်တင်ခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ရေတားတာ၏ ကြံ့ခိုင်မှု စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ လက်ပံတန်း -မိုးညို-နတ်တလင်းလမ်းပေါ်ရှိ ဘုရားဖြူချောင်းဖြတ် မြစ်သာတံတား သံဘေလီ သစ်သားကြမ်းခင်းတံတား ကြံ့ခိုင်မှုအားနည်းနေ၍  သံကူကွန်ကရစ်တံတားသစ် ပြန်လည်တည်ဆောက်ပေးနိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သံဘောင် ဘေလီများအား ပြန်လည်အသုံးပြုနိုင်ရေး စနစ်တကျဖြုတ်ယူသိမ်းဆည်းရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ တည်ဆောက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။