ပြည် စက်တင်ဘာ ၂၄
ပြည်မြို့၊ တည်ဆောက်ရေး(၂) အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ် ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သလို တစ်ဘက်မှာလည်း စာသုံးသူများအတွက် အန္တရာယ်ဖြစ်စေ နိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်း လျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပြီး စပါးနှင့်ပဲသည် ဒုတိယအများ ဆုံးစိုက်ပျိုးကာ ပြည်ပသို့အများဆုံး တင်ပို့နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်စင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်တင်ပို့ရာတွင် ကမ္ဘာ့ဈေးကွက်၌ ဂုဏ်ယူဝင့်ကြွားစွာ ယှဉ်ပြိုင်ရောင်းနိုင်ရေး ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းမှ “ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ပိုးသတ်ဆေးအား စနစ်တကျသုံးစွဲတတ်စေရေး အသိပညာပေးအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ဒေသခံတောင်သူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ပိုးသတ်ဆေးသုံးစွဲခြင်းနှင့်ပတ်သက်၍ တောင်သူအသိပညာပေး စာစောင်များအား လှည်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးဆေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ မြို့နယ်(၁၄) မြို့နယ်မှ တောင်သူ လယ်သမားများ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တောင်သူများမှ Online Zoom Meeting ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပိုးသတ်ဆေးရောင်းချသည့် ကုမ္ပဏီများ၊ ပို့ကုန်လိုင်စင်ရ ကုမ္ပဏီများနှင့် စိုက်ပျိုးရေးပညာရှင်များ စုစုပေါင်း(၃၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ရွှေတစ်ချောင်းလမ်း ရှိ “ဝေဖြိုး” ပဲကြော်လုပ်ငန်းမှ ကုန်ထုတ်လုပ်မှုများ စဉ်ဆက်မပြတ်တိုးတက်စေရေးအတွက် Solar System ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ကမ်းနား လမ်း၊ ညဈေးအနီးရှိ သရေခေတ္တရာဆိုင်းဘုတ်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားလ်းနှင့် ညဈေးတစ်လျောက် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးနှင့် ဧရာဝတီ မြစ်နှင့် နဝဒေးတံတားအလှ မြင်ကွင်းကွယ်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။