ပဲခူး ဒီဇင်ဘာ ၉
==========

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှကြီးမှူး၍ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးကို ဒီဇင်ဘာလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံနှင့် မြင်းကျားဓမ္မာရုံ တို့တွင် ကျင်းပပြုလုပ်လျှက်ရှိသည်။
အဆိုပါ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးအား ကြီးကြပ်လျက်ရှိသည့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာများနှင့် သီလရှင်များအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ ဒီဇင်ဘာလ(၉)ရက်နေ့တွင် နေ့ဆွမ်း၊ အအေးနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်း၌ စာမေးပွဲ ဖြေဆိုနေသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား သွားရောက်ကြည်ညိုခဲ့သည်။
ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကြီးသို့ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာမေးပွဲဖြေဆိုရန် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင် (၈၇၈)ပါးတို့က ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့တွင် ဝင်ရောက်ဖြေဆိုတော်မူကြသည်။
သာသနာလင်္ကာရအကျော်စာမေးပွဲကြီး၌ ပထမအဆင့်တွင် ဝိနယပိဋက၊ ခုဒ္ဒကနိကာယ၊ ဝိနည်း ငါးကျမ်းတို့အားလည်းကောင်း၊ ဒုတိယအဆင့်တွင် သုတ္တန္တပိဋက၊ အင်္ဂုတ္တရနိကာယ၊ အင်္ဂတ္တိုရ်ဆယ့်တစ် ကျမ်းတို့အားလည်းကောင်း၊ တတိယအဆင့်တွင် သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ၊ ဓမ္မပဒ၊ ပါဠိ၊ အဌကထာ တို့အားလည်းကောင်းစသည့် ပြဌာန်းကျမ်းစာများအား ဖြေဆိုတော်မူကြရကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website