Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၁၂

          ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး အထွဋ်တွင် ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို မတ်လ(၁၂) ရက်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာ အောင်စည်အောင်မောင်း(၉)ကြိမ်တီးခတ်ပူဇော်ကာ အခမ်း အနားကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယအရှင်သူမြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ၎င်းနောက် အခမ်းအနားမှူးက နတ်ဗြဟ္မာများ ပင့်ဖိတ်လွှာအား ဖတ်ကြားခဲ့သည်။

          ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်များထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းက မေတ္တာသုတ်ပရိတ်တရားတော်နှင့် အာဋာနာဋိယသုတ်ပရိတ်တရားတော်များကို နာယူကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကိုယူဆောင်၍ စေတီတော်မြတ်ကြီး ဝတ္ထုကံနယ်မြေတွင် ပက်ဖျန်းကြဲဖြန့်ချီနှောင်ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်ကြီးများထံ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်တို့အား ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် အခမ်းအနားမှူးက တောင်ပန်လွှာအား ဖတ်ကြားခဲ့သည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရာလင်္ကာရဘိဝံသ အရှင်သူမြတ်ထံမှ မဟာ မင်္ဂလာမြတ်ဒါန အဝဝ၊ လှူဒါန်းပူဇော်မှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

          ထို့နောက် ဆရာတော်၊ သံဃာတော်များမှဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်မြတ်တို့ကို မင်္ဂလာဝေါယာဉ်ဖြင့် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်မြတ်တို့ကို မင်္ဂလာရထားပျံပေါ်သို့ ပင့်ဆောင်ပြီး နံ့သာရည်များ ပက်ဖျန်းကာ စေတီတော်မြတ်ကြီး၏အထွဋ်သို့ တင်လှူပူဇော်ကြခဲ့ကြသည်။ သံဃာတော်များမှ ဇယန္တော ဗောဓိယာမူလေ အစချီ ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ဖတ်ပူဇော်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ပွဲအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးပေးခဲ့ပြီး ဧည့်ပရိသတ်များက အောင်ပြီ အောင်ပြီ အောင်ပြီ ဟု ရွတ်ဆိုပူဇော်ခဲ့ကြသည်။

          ဆက်လက်၍ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေး စေတီတော်မြတ်ကြီးအား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယအရှင်သူမြတ် အမှူးပြုသော ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအား ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားမှူးက အမျှဝေစာတမ်းဖတ်ကြားပူဇော်ကာ သာဓု(၃)ကြိမ်ခေါ်ဆို၍ အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားမှူးက ဒေဝေါကာသရဏနတ်ပို့ဂါထာအား ဖတ်ကြား၍ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား အောင်မြင်စွာရုတ်သိမ်း ခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ကြွရောက်လာသည့် ဆရာတော်သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်များအား စတုဒီသာ ကျွေးမွေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။