ပဲခူး မတ် ၁၈
=================
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးတွင် စိုက်ပျိုးနိုင် သော မြေဧရိယာဧက သိန်း(၃၀)ကျော်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်လည်း ပေါကြွယ်ဝကြောင်း၊ စိုက်ပျိုးနိုင်သော မြေများတွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ဝင်ငွေအမြန်ဆုံး ပြန်လည်ရရှိနိုင် သည့် (Quick Win) စိုက်ပျိုးရေးလုပ်ငန်းအား အထူးဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံ (ဟင်းသီးဟင်းရွက်)စိုက်ခင်း များအား မြို့နယ်အလိုက်ဖော်ဆောင်သွားရန်နှင့် လိုအပ်ပါက ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေး ခြင်းကို ကျေးရွာများအထိ သိရှိမွေးမြူနိုင်ရေး အသိပညာပေးခြင်း၊ စံပြမွေးမြူရေးခြံများ ဖော်ဆောင် ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာများတွင် စိုက်ပျိုးသီးနှံများ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် သင်တန်းပေးခြင်းနှင့်အတူ အမှန်တကယ် လက်တွေ့တွင် အသုံးဝင်သည့် မရှိမဖြစ် အခြေခံလူသုံးကုန်ပစ္စည်း(၅)မျိုး ထုတ်လုပ်နိုင်ရေး ကျေးရွာအလိုက် သင်တန်းပေးသွားရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များနှင့် ပဲခူး/တောင်ငူ/ပြည်/ သာယာဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားရမည့် ဌာနဆိုင်ရာ၏ လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။