Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၀

==========

        ၂၀၂၂ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ပဲခူးခရိုင်အားကစား ကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် ပေးခဲ့ သည်။

  ရှေးဦးစွာ သာယာဝတီခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစား နေမှု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ သာယာဝတီ ခရိုင်အသင်းမှ တောင်ငူခရိုင်အသင်းကို (၁ : ၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။

        ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်း အားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်း အားကစားသမားဆုနှင့် အကောင်းဆုံးဘောလုံးသမားဆု ရရှိသူများအား အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့မှ ဆုတံဆိပ်နှင့်ငွေသားဆု (၁)သိန်းကျပ်စီကိုလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ညောင်လေးပင်ခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့အား သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာ ဝန်ကြီးတို့မှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းစီကိုလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၇)သိန်းကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းအား ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြ ကြောင်း သိရသည်။

       ၂၀၂၂ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ဘောလုံးအသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။