Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်မြို့နယ်အတွင်း မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံ(ရာကာ-၆၆၆)မျိုးအား အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation)ဖြင့် ရေပေးဝေဆောင်ရွက် ထားသောစံပြစိုက်ခင်း(၁၅)ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါသီးနှံသည် ရေပေးသွင်းနိုင်ပါက နောက်တစ်ကြိမ် ပြန်လည်ခူးဆွတ် နိုင်ပြီး ယခုလို စံပြစိုက်ခင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကာ ဒေသခံတောင်သူများကလည်း မိမိတို့၏ ဝင်ငွေများ တိုးတက်လာစေရေးနှင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲနိုင်ရေး အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation) အား လိုက်ပါဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ တီတွတ်ကျေးရွာအနီး ပြည်မွေးမြူ ရေးဇုန်သို့ သွားရောက်၍ ဦးလင်းကိုကိုခိုင်၏ နို့စားနွားမွေးမြူနေမှုနှင့် နို့ထွက်ပစ္စည်းဒိန်ချဉ်အား ထုတ်လုပ် မှုအခြေအနေကိုလည်းကောင်း၊ ဦးဇော်မင်း၏ ဒေသနွားမွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး မေထုန်မဲ့သားစပ်သင်တန်းများအား မွေးမြူရေးဇုန်များတွင် သင်တန်းပေးခြင်းများ ဆောင်ရွက်သွားရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာထုတ်လုပ်သွားရန်၊ မွေးမြူရေးအစာအဖြစ် နေဗီယာမြက်နှင့် အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဦးအေးမော်၏ ကာကီကင်ဘဲမွေးမြူရေးခြံနှင့် ဘင်္ဂလားနို့စားကျွဲ မွေးမြူထားရှိမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ နဝဒေးစက်မှုဇုန်သို့ ရောက်ရှိခဲ့ပြီး စက်မှုဇုန်အဝင်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းပန်းခုံဆောင် ရွက်နေမှုနှင့် စက်မှုဇုန်အဝင်ဆိုင်းဘုတ် ဆောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်မှုဇုန်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးရန်နှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်း များကို အခြေခံပြီး ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး အားပေးမြှင့်တင်ဆောင် ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ကမ်းနားလမ်းအဆင့်မြှင့် တင်ထားရှိမှုနှင့် ပြည်သူများ စိတ်လက်အပန်းဖြေနိုင်စေရေး ညအလှမီးတပ်ဆင်ထားရှိမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကမ်းနားအလမ်း အစဉ်သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် ကမ်းနားလမ်းတစ်လျှောက် ခေတ်မီဈေးဆိုင်ခန်းငယ်များ ထည့်သွင်းနိုင်ရေးနှင့် ဧရာဝတီမြစ်ရှုခင်းအား လှပစွာခံစားနိုင်စေရေး မြင်ကွင်းကွယ်အပင်များအား သေသပ်လှပစွာ ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။