Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ မြေငှားဂရန်လျှောက်ထားသူများသို့ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ မြေငှားဂရန်လျှောက်ထားသူများသို့ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နိုဝင်ဘာ ၂၃ (ပဲခူး)
====================

ပဲခူးမြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၌ နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ မြေငှားဂရန်လျှောက်ထားသူများသို့ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူလူထုအတွက် ခိုင်မာသည့်အထောက်အထားတစ်ရပ်အဖြစ် လက်ကိုင်ထားနိုင်ရန် မိမိပိုင်မြေများကို မဖြစ်မနေဂရန်များလျှောက်ထားရယူရန်လိုအပ်ပြီး ဂရန်ထုတ်ပေးသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြေငှားဂရန်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျအမြန်ဆုံး ထုတ်ပေးနိုင်ရေးအတွက် ဂရန်လုပ်ငန်းစဉ်များအနက် ဖြေလျော့နိုင်သည်များကို အဖြစ်နိုင်ဆုံးဖြေလျော့ဆောင်ရွက်ပေးရန်၊ ဂရန်လက်ဝယ်ရှိသူများကလည်း ဂရန်စည်းကမ်းပါသတ်မှတ်ချက်များအတိုင်းတိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်သို့ ပေးသွင်းရမည့်နှစ်စဉ်မြေငှားခများကိုလည်း မပျက်မကွက် ပေးသွင်းသွားကြရန်၊ အစိုးရအဖွဲ့အနေဖြင့် မြေငှားဂရန်များမှ ပေးဆောင်ရရှိသော မြေခွန်ကောက်ခံငွေများကို မိမိတို့တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများတွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြားခရိုင်များတွင်လည်း မြေငှားဂရန်လျှောက်ထားသူများသို့ ဂရန်များထုတ်ပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှုးဦးရဲထွဋ်က မြေငှားဂရန်လျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ မြေငှားဂရန်ရရှိခြင်း၏ အကျိုးရလာဒ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ဒိုက်ဦး၊ ညောင်လေးပင်မြို့နယ်များမှ မြေငှားဂရန်လျှောက်ထားသူများအတွက် မြေငှားဂရန်များအား ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးတင်ထူးမောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှုးဦးရဲထွဋ်တို့မှ ပေးအပ်ပြီး ဂရန်ရရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ပဲခူးမြို့နယ်မှ မြေငှားဂရန်(၁၉)ခု၊ ဝေါမြို့နယ်မှ (၁၁)ခု၊ သနပ်ပင်မြို့နယ်မှ (၁၁)ခု၊ ကဝမြို့နယ်မှ (၂)ခု၊ ဒိုက်ဦးမြို့နယ်မှ (၆)ခု၊ ညောင်လေးပင်မြို့နယ်မှ (၁၃)ခု၊ စုစုပေါင်းမြေငှားဂရန်(၆၂)ခုအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစစ်၍ အချက်အလက်အထောက်အထားပြည့်စုံသဖြင့် ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါဂရန်များတွင် အိမ်ဆောက်လုပ်ရန်(၃၀)နှစ် မြေငှားဂရန်(၅၁)ခု၊ စက်မှုစီးပွားမြေငှားဂရန်(၃)ခု၊ (၁၀)နှစ်မြေငှားဂရန်(၈)ခုအပြင် မြေငှားလိုင်စင်(၁)ခုလည်းပါဝင်ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှုးများနှင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် မြေငှားဂရန်လျှောက်ထားသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။