ပဲခူး ဇွန် ၁
====================
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၁)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွန်ငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးရခြင်းဖြစ်၍ သက်ဆိုင်ရာဌာနများမှ ရသင့်ရထိုက်သည့် ဘဏ္ဍာငွေများ နှင့်ကြွေးကျန်များ အပြေအကြေကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူ လူထုအတွင်း အခွန်ပုန်း၊ အခွန်ရှောင်များလည်း ဖော်ထုတ်၍ အခွန်ထမ်းသစ်များ ရရှိရေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းအပ်နှံမှု (၁၀၅)ရာခိုင်နှုန်းကျော်ရှိ နေပြီဖြစ်၍ ကျောင်းသုံးပရိဘောဂနှင့် အားကစား ပစ္စည်းများ ပြည့်စုံစေရေး၊ လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရာသီ ရောက်ရှိလာပြီဖြစ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူရန်နှင့် ရပ်ကွက်/ကျေးရွာများအတွင်း သွေးလွန် တုပ်ကွေး အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စာသင်ကျောင်းအလိုက် ဆေးထိုးစုရပ်များ ပြင်ဆင်ထားရန်နှင့် နိုင်ငံ့ဝန်ထမ်းနှင့် အတူနေမိသားစုများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ရပ်/ကျေးအဆင့်မှ တိုင်းဒေသကြီးအဆင့်ထိ အားကစားပြိုင်ပွဲများအား အရှိန်အဟုန်ဖြင့် မြှင့်တင်အောင်ရွက်သွားရန်နှင့် အခြေခံပညာကျောင်းများ တွင်လည်း အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ကျောင်းများတွင် လိုအပ်သော အားကစားပ္စစည်းများ ပြန်လည်တင်ပြပေးရန် ဖြစ်ကြောင်း၊ မကြာမီ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်တော့မည်ဖြစ်၍ ဌာနဆိုင်ရာများအလိုက် သက်ဆိုင်ရာသစ်တော ဦးစီးဌာနနှင့်ချိတ်ဆက်၍ ပျိုးပင်များ ကြိုတင်စုဆောင်းထားရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် ပြုစုထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ပေါ့ဆမှုမရှိစေရေး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများက ရသင့်ရထိုက်သည့် အခွန်ငွေနှင့် ကြွေး ကျန်များ ကောက်ခံနေမှုနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများ၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ဌာနဆိုင်ရာများ ပျိုးပင်လိုအပ်ချက် ဖြည့်ဆည်းပေးသွားမည့် အခြေ အနေများနှင့် နွေရာသီ စိုက်ပျိုးရေရရှိရေး လုပ်ငန်းစဉ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေနှင့် ကြွေးကျန်များ ကောက်ခံရရှိမှု အခြေအနေများ၊ ဌာနဆိုင်ရာရုံးလုပ်ငန်းများ အေးချမ်းတည်ငြိမ်စွာ ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။