Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၇

================

      ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

            အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲအားကစားသမားများ၊ ကျောင်းသား/ သူများ၊ အားကစားဝါသနာရှင် ပရိသတ်များတက်ရောက်ကြပြီး ရွှေတောင်မြို့နယ် အသင်းနှင့် အုတ်ဖိုမြို့နယ်အသင်းတို့ (၂)ယောက်တွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား နေမှုနှင့် နတ်တလင်းမြို့နယ် အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်းတို့ (၃)ယောက်တွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှု့ အားပေးခဲ့ကြသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ (၂)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ရိုက်ခုတ်အကောင်းဆုံးဆု၊ ပင့်ထောက် အကောင်းဆုံးဆု၊ နောက်ထိန်းအကောင်းဆုံးဆု ရရှိသူများအား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဥပဒေချုပ် တို့မှလည်းကောင်း၊ (၂)ယောက်ပြိုင်ပွဲတွင် တတိယဆုရရှိသော အုတ်တွင်းမြို့နယ် အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးတို့မှလည်းကောင်း၊ (၂)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အုတ်ဖိုမြို့နယ်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပေါင်းတည်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်အဖွဲ့များအတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်း၊ (၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေတောင်မြို့နယ် အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော နတ်တလင်းမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့အား ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

       အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန်လ(၁၂)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲအသင်း(၅၆) သင်း၊ အားကစားသမား(၁၄၀)ဦးပါဝင်ကာ (၂)ယောက် တွဲနှင့် (၃)ယောက်တွဲအသင်းများအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။