Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၈

==========

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ ဗထူးလမ်းရှိ ကမ္ဘောဇဟင်္သာဟိုတယ်တွင် ဇွန်လ(၇)ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် နိုင်ငံအသီးသီးတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကူးစက်ရောဂါကပ်ဘေးများတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာလုပ်ငန်းများကို ချက်ခြင်း တုံ့ပြန်၍ ရှေးဦးပြုစုခြင်းလုပ်ငန်းများကို အထူးအလေးထား လုပ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိ ရကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို အသင်းစတင်တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်းပညာရပ်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကြက်ခြေနီမောင်မယ်များအနေဖြင့် မိမိတို့ပိုင်နိုင်စွာ တတ်ကျွမ်းထားသည့် ရှေးဦး ပြုစုခြင်း နည်းစနစ်များကို အများပြည်သူအားလုံး လက်လှမ်းမီ သိရှိသင်ယူနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ရှေးဦးပြုစုခြင်း အကူအညီတွေကို ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်ပါအတိုင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ ရရှိသည့် အတွေ့ကြုံကောင်းများကို မိမိတို့တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအား ပြန်လည်ပြီးမျှဝေပေးကြရန်နှင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးက ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ ထိခိုက်ဒဏ်ရာရှေးဦးပြုစု ခြင်း(နည်းပြ)သင်တန်းအတွက် သင်တန်းဆင်းလက်မှတ်များနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများအား ရှေးဦးပြုစုခြင်းဆေးအိတ်များ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းအား ဇွန်လ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကာ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ပြီး ၂၀၂၁ခုနှစ် ​ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းလက်စွဲစာအုပ်ပါ သင်ခန်းစာခေါင်းစဉ်များအလိုက် သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။