Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၂

=============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သည် ဇွန်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတက္ကသိုလ်အတွင်းရှိ Community Center and  Gymnasium အဆောက်အဦများပတ်လည်တွင်  အရိပ်ရပန်းအလှပင်နှင့် အဖိုးတန်သစ်မျိုး အစရှိသည့် သစ်ပင်များ စုပေါင်းစိုက်ပျိုးပေးခြင်းအားဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေသည့် တက္ကသိုလ် ဆရာ/ ဆရာမများ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား/သူများအတွက် အနီးကပ် ဆည်းပူးလေ့လာနိုင်စေရေး စိုက်ပျိုးပေးရခြင်းဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသားအကျိုး စီးပွားအပြင် နောင်အနာဂတ် အတွက် ကောင်းမွန်သော လူ့မှုဘဝပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ဟေဂစနစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အဓိကဗဟိုချက်သည် သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ပြုစုပျိုးထောင် ပေးခြင်းဖြစ်ကြောင်း၊ သစ်တောဂေဟစနစ်မှ လူသားများအတွက် လိုအပ်သော အစားအစာနှင့် နေထိုင်မှုဘဝကို အထောက်အပံ့များပေးသည့်အပြင် သန့်ရှင်းသော လေ၊ ရေတို့နှင့် ရာသီဥတုကို မျှတ ကောင်းမွန်စေရန် ထိန်းညှိပေးပြီး ဇီဝမျိုးစုံမျိုးကွဲများ မှီတင်းနေထိုင်ရာ ဒေသရပ်ဝန်း တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် သစ်တောသစ်ပင်များ ပြုန်းတီးပါက လူအပါအဝင် သက်ရှိများ ပျက်စီးနိုင် သဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၏ သစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ၂၀၂၃ခုနှစ်၊ မေလ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ (၂၃)ပွဲ၊ သစ်ပင်ပေါင်း(၁၀၇၁၅)ပင် စိုက်ပျိုးပေးနိုင်ခဲ့ပြီး၊ ဇွန်လနှင့်ဇူလိုင်လအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၂၄)ပွဲနှင့် သစ်ပင်ပေါင်း (၁၄၅၂၀)ပင် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရှိရသည်။