ပဲခူး အောက်တိုဘာ ၂၉
================
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၂၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ နဝကမ္မအလှူငွေများ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။
သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၆၁)ကျောင်းမှ သံဃာတော် (၂၈၉၇)ပါးတို့မှ (၁၀၃၂)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်း ကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၁၃၈)သံဃာတော်အပါး(၂၅၀)ပါးမှ (၁၆၀)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီ သိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၆၇)ပါးတို့မှ (၁၄၂)ကြိမ်မြောက် ပဝါရဏာ ပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ မဟာဒွါရဂိုဏ်းဝင် ကျောင်းပေါင်း(၁၃)ကျောင်းမှ သံဃာတော်(၈၀)ပါးတို့မှ (၃)ကြိမ်မြောက် ပဝါရဏာပြုပွဲကို သက်ဆိုင်ရာဂိုဏ်းဝင် ဆရာတော်များမှ နေရာခွဲ၍ ပဝါရဏာပြုတော်မူ ကြကြောင်း သိရသည်။
သံဃမဟာပဝါရဏာပြုတော်မူကြသည့် ရဟန်း၊သံဃာများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် စုပေါင်း လှူဒါန်းမှုတန်ဖိုးငွေမှာ ကျပ်( ၁၁၅၂၈၂၉၁၀/-)ဖြစ်ကြောင်း သတင်းရရှိသည်။