Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု

သာယာဝတီ အောက်တိုဘာ ၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် အောက်တိုဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၌ တောင်သူ ဦးကျော်စိုး၏ တစ်ကွင်းတစ်ဆက်တည်း ကြိုတင်ပျိုးထောင်စနစ်ဖြင့် တစ်မိုး (၂)သီး ဗီယက်နမ်မျိုး မိုးစပါး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်မိုး(၂) စိုက်ပျိုးသည့် နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေး တောင်အသိပညာပေး စံပြစိုက်ခင်းများ ထူထောင်သွားရန်နှင့် မြေဆီဩဇာပြန်လည်ကောင်းမွန်စေရး ဆောင်းသီးနှံတွင် အထွက်နှုန်းကောင်း ပဲမျိုး ရွေးချယ်စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျွဲသတ်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် တတိယအကြိမ်မြောက် ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် လယ်မြေများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်လည်စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လယ်မြေများ ရေကြီးနစ်မြှုပ်မှုသက်သာစေရေး ချောင်းကော/ မြောင်းကောများတူးဖော်၍ လယ်ကန် သင်းပေါင်မြှင့်တင်ပေးရန် တာဝန်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သဲဖြူ ကျေးရွာအုပ်စု၌ တောင်သူ ဦးကျော်နီဆန်း၏ YAR-1 မျိုးစေ့ထုတ်စိုက်ခင်း၌ မျိုးကွဲနှုတ်ပယ်ပြသနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နွေစပါးစိုက်ရာသီတွင် စပါးပိုမိုတိုးချဲ့စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် လက်ပံတန်း မြို့နယ် ကျွန်းကလေးကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၇၃) ဦးပိုင်အမှတ်(၁၀/၃)၊ တောင်သူ ဦးသန်းထွန်းနိုင် ၏ မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် မိုးစပါးအစိုတင်း     ( ၁၃၀.၈ )တင်း ထွက်ရှိခဲ့ရာ ရိတ်သိမ်းပြီးမိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေးနှင့် စပါးအခြောက်ခံ စက်များနှင့် ချိတ်ဆက်၍ သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မင်းလှမြို့နယ်၊  သင်အိုင်ကျေးရွာအုပ်စု၌ ရေကြီး နစ်မြှုပ်ခဲ့သည့်  တောင်သူ ဦးစိုးလှိုင်၏ ဆင်းသုခမျိုး မိုးစပါး ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ မိုးစပါးဧက တင်း(၁၀၁) ထွက်ရှိကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့်  လင်းနို့ရိုးချောင်းနှင့် သဖန်းပင်ဆိပ်ချောင်း ရေလျှံခဲ့ပြီး သရက်ပင်ဆိပ်ကျေးရွာအနီး ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် (၁၁၃/၁)မှ (၁၁၃/၂)ကြား ကားလမ်းရေကျော်၍ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မိုးသီးနှံစိုက်ဧကများ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရေး ရေများအမြန်ဆုံးကျဆင်းနိုင်ရန်  ရေကြောင်းပိတ်ဆို့မှုများ ဖယ်ရှားရှင်းလင်း နိုင်ရေး ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်လမ်း အန္တရာယ် ကင်းရှင်းစေရေး သတိပေးဆိုင်းဘုတ်များ၊ ရောင်ပြန်များ တပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုအုပ်စု၊ တောင်သူ ဦးအောင်ဝင်း၏ ထိုင်းနှံကောက်စပါးမျိုး မိုးစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ရာ အစိုတင်း(၁၅၀)ထွက်ရှိခဲ့ပြီး သီးထပ်စွမ်းအား ပိုမိုတိုးတက်စေရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေး နွေစပါး(၂)သီးရရှိနိုင်ရေး ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုး ရန်နှင့် ယာမြေများတွင် ကြက်သွန်နီနှင့် အစေ့ထုတ်ပြောင်း တိုးချဲ့စိုက်ပျိုးသွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။