Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန် တောင်သူများနှင့် သီးထပ် စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ် များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန် တောင်သူများနှင့် သီးထပ် စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ် များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် နိုဝင်ဘာ ၁၁

          ပြည်မြို့၊ ခေတ္တရာမြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိ အောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအား၊ သီးနှံ စိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံ ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိကာ သီးထပ်စွမ်းအား၊ သီးနှံစိုက် စွမ်းအား တိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း အချက်ကြီး(၄)ချက်ကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ ဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာ ထွက်ရှိနိုင်ရေးအတွက် သတ်မှတ်နည်းလမ်းများ အတိုင်း လိုက်နာကျင့်သုံးခဲ့သည့် တောင်သူများသည် အမှန်တကယ် လက်တွေ့အကျိုးကျေးဇူးခံစားခဲ့ရ ကြပြီဖြစ်၍ တက်ရောက်လာသည့် တောင်သူများအနေဖြင့် တောင်သူအချင်းချင်း အထွက်နှုန်းယှဉ်ပြိုင် ခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီးထပ်စွမ်းအား(၉၀.၇၁)ရာခိုင်နှုန်း၊ သီးနှံစိုက်စွမ်းအား (၁၉၁.၀၁)ရာခိုင်နှုန်း တိုးတက်ရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် တစ်ဧက အထွက်နှုန်း(၁၅၈)တင်း ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ပြည်မြို့နယ်၊ တွင်းဗြည်းကျေးရွာမှ တောင်သူ ဦးအောင်ကိုလတ်အားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ရာသီတွင်  တစ်ဧက အထွက်နှုန်း (၁၅၃.၂၃)တင်းထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ပေါက်ခေါင်းမြို့နယ်၊ အနောက် ကြို့ကုန်းကျေးရွာ မှ ဦးသန်းဇော်ဌေးတို့အား ဂုဏ်ပြုမှတ်တမ်း၊ အစေ့ချကိရိယာနှင့် ဓါတ်မြေဩဇာတို့အား ချီးမြှင့်ပေးအပ်ခဲ့ သည်။ ၎င်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြေပဲ၊ နှမ်း၊ ပဲဇဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဝါသီးနှံနှင့် ကြံသီးနှံတို့အား တစ်ဧကပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်း၊ အစေ့ချကိရိယာနှင့် ဓါတ်မြေဩဇာအိတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

          ယင်းနောက် နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေး မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများအား ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက လည်းကောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့ သည့် ထူးချွန်တောင်သူများက စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းအချိန်အထိ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရတောင်သူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး စိုက်ပျိုးရေးဆိုင်ရာ ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကာ တက်ရောက်လာသည့် ပြည်၊ ရွှေတောင်၊ ပန်းတောင်းနှင့် ပေါက်ခေါင်း မြို့နယ်တို့မှ တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။