ပဲခူး ဒီဇင်ဘာ ၁
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day)အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခု အိပ်ချ်အိုင်ဗွီပိုးကာကွယ်ရေး လုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အားလုံးနှင့် ကုတင်(၂၀၀) အထက်ဆေးရုံကြီး(၃)ရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေး လုပ်ငန်း၏ အဓိကဖြစ်သည့် အေအာတီဆေးပေးဝေမှုကို ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်တွင် လူနာပေါင်း(၁၂၈၇၆)ဦးအား အေအာတီဆေးပေးခန်းပေါင်း (၂၆)ခုဖြင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် ဆေးရုံကြီးများ၊ ခုခံကျ/ကာလသားဘရောဂါတိုက်ဖျက်ရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများတွင် ကုသပေးလျက်ရှိကြောင်း၊ လူထုအတွင်း အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့်ပတ်သက်၍ ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ လျော့ကျစေရန် ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ပိုးရှိရှင်သန်သူများကို လည်းကောင်း၊ အလုပ်ရုံ၊စက်ရုံများကိုလည်းကောင်း ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများပြုလုပ် ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို ပိုမိုဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုတစ်ရပ် လုံးက ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်မှသာ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်မှာဖြစ်လို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day)အထိမ်း အမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက ပြသထားသည့် ကျန်းမာရေးပညာပေးပြခန်းအား လှည့်လည် ကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။