ပဲခူး ဖေဖော်ဝါရီ ၁၉
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ယမန်နေ့၊ ညနေပိုင်းက ၂၀၂၅ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ(၃၅၀၀)ကျော် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့် ပတ်သက်၍ သိကောင်း စရာများကိုလည်းကောင်း၊ ပဲခူးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များကိုလည်းကောင်း ဖတ်ကြားရှင်းလင်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ပြိုင်ပွဲဝင်အသင်းများအား စတင်ယှဉ်ပြိုင် နိုင်ရန် မင်္ဂလာမောင်း(၃)ချက်တီး၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များ၏ စည်းလုံးမှုစုပေါင်းအားဖြင့် ထမနဲထိုးယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ နှင့် နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင် အသင်းအဖွဲ့(၃၆)ဖွဲ့အား ဆုငွေကျပ်(၁)သိန်းစီနှင့် ဂုဏ်ပြုအထူးဆုရရှိသော ပြိုင်ပွဲဝင် (၇)သင်းအား ဆုငွေကျပ်(၂)သိန်းစီတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများတို့ကလည်းကောင်း၊ တတိယဆုရရှိသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန(ခ)အသင်းနှင့် ဥဿာမြို့သစ်(၉)ရပ်ကွက်အသင်းတို့အတွက် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီအား တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် စီးပွားရေးရာဝန်ကြီးဌာန(က)အသင်းနှင့် ဥဿာမြို့သစ်(၁)ရပ်ကွက်အသင်းတို့အတွက် ဂုဏ်ပြုဆုငွေ(၇)သိန်းကျပ်စီအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော် ကလည်းကောင်း၊ ပထမဆုရရှိသည့် သယံဇာတရေးရာဝန်ကြီးဌာန(ဂ)အသင်းနှင့် ဘုရားကြီးမြို့အသင်းတို့ အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းစီနှင့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုငွေကျပ်(၃)သိန်းတို့အား ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ဌာန ဆိုင်ရာများမှ ပြိုင်ပွဲဝင် အသင်း(၂၈)သင်း၊ လူမှုရေးအသင်းအဖွဲ့မှ (၂)သင်း၊ ဘုရားဂေါပကအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း(၅)သင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင် အသင်း(၂၁)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင် အသင်း(၄၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။