Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နယ်၊ အင်းတကော်မြို့၌ မဟာဗောဓိပရိဘောဂစေတီတော် နှစ်(၁၀၀)ပြည့် ပူဇော်ပွဲမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၌ မဟာဗောဓိပရိဘောဂစေတီတော် နှစ်(၁၀၀)ပြည့် ပူဇော်ပွဲမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၁၁

          ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ မဟာဓောဓိစစ်ကိုင်းကျောင်းတိုက်အတွင်း စိုက်ပျိုးပူဇော်တည်ရှိ တော်မူသော မဟာဗောဓိပရိဘောဂစေတီတော် နှစ်(၁၀၀)ပြည့် ပူဇော်ပွဲမင်္ဂလာ အခမ်းအနားအား မေလ (၁၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ တက်ရောက်ပူဇာ်ခဲ့ကြသည်။

          ရှေးဦးစွာ မဟာဗောဓိပင်တော် ပရိဘောဂစေတီတော်မြတ်ကြီးအား ဆရာတော်(၃၆)ပါးဖြင့် ဗုဒ္ဓါ ဘိသေကအနေကဇာတင် ပူဇော်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူ များက “နမောတဿ” (၃)ကြိမ်ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားမှူးက ဥယျောဗနဂါထာတော်အား ဖတ်ကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်များက မဟာဗောဓိပင်တော် ပရိဘောဂစေတီတော်မြတ်ကြီးအား ညောင်ရေသွန်းလောင်းပူဇော် ခဲ့ရာ ဝတ်အသင်းများက ဆုတောင်းပတ္ထနာ သံပေါက်ကဗျာဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြသည်။ ၎င်းနောက် ဇယမင်္ဂလာ အောင်ဂါထာတော်အား (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ပထမပိုင်းက အောင်မြင်စွာ ရုတ်သိမ်း ခဲ့ကြသည်။

          ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအား “နမောတဿ” (၃)ကြိမ်ရွတ်ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာ ဘိဝံသ ဆရာတော်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူ ဆောက်တည်တော်မူခဲ့ကြပြီး ကြွရောက်လာသည့် နာယကဆရာတော်ကြီး(၉)ပါးအား အလှူရှင် မိသားစုမှ လှူဒါန်းသည့်လှူဖွယ်ဝတ္တုပစ္စည်းများအား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အင်းတကော်မြို့၊ မဟာဗောဓိစစ်ကိုင်းကျောင်းတိုက် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏုတ္တရထံသို့ အလှူရှင်မိသားစုမှ သီးခြား လှူဒါန်းသည့် နဝကမ္မအလှူတော်ငွေများအား  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမှ ဆက်ကပ်လှူဒါန်းခဲ့သည်။

          ထို့နောက် နိုင်ငံတော် သံဃမဟာနာယအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”  (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဒုတိယပိုင်းအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ကြွရောက်လာသည့် ဆရာတော်(၁၀၈)ပါးအား အလှူရှင်မိသားစုမှ လှူဒါန်းသည့် သင်္ကန်း အစရှိသော လှူဒါန်းဖွယ်ရာများ လှူဒါန်းပေးခဲ့ကြပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ မဟာဓောဓိစစ်ကိုင်း ကျောင်းတိုက်အတွင်း စိုက်ပျိုးပူဇော်တည်ရှိတော်မူသော မဟာဗောဓိပရိဘောဂစေတီတော် နှစ်(၁၀၀) ပြည့် ပူဇော်ပွဲမင်္ဂလာ အခမ်းအနား၌ ဒေသခံပြည်သူများအား စတုဒီသာ ထမင်းဟင်းနှင့် အအေးများ ကျွေးမွေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။