ပန်းတောင်း ဇွန် ၆
ပန်းတောင်းမြို့၊ ရတနာပုံရပ်ကွက်၌ “ရတနာရွှေပြည် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးတို့က ပန်းတောင်းမြို့ “ရတနာရွှေပြည်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည်ခဲ့ကြပြီး သုတ/ရသ စာအုပ်စာဆောင်များနှင့် အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ခဲ့ကာ မျိုးဆက်သစ် လူငယ်များ၊ ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား၍ အလိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရေး အလေးထားစည်းရုံးဆောင်ရွက်ရန် စာကြည့်တိုက်ကော်မတီဝင် များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် စာကြည့်တိုက်ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့သည့် အက အဖွဲ့နှင့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။