Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဇွန်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၇.၂၆)သိန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဇွန်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၇.၂၆)သိန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်း၊ ဓါတ်မြေဩဇာထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် လုပ်ငန်းများအပြင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာထုတ်လုပ်ခြင်းလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့လာခြင်းသည် တိုင်းဒေသကြီး အတွင်း လုပ်သားအင်အား ပေါကြွယ်ဝမှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းဝေးခြင်းနှင့် ရင်းနှီးမြှုပ်နှံ ရန် အခွင့်အလမ်းကောင်းများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ရှိပြီးသော စက်ရုံ အလုပ်ရုံများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် စက်ရုံ/အလုပ်ရုံများ ထပ်မံရင်းနှီးမြှုပ်နှံလာနိုင်စေရေး မိမိတို့တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား ကဏ္ဍကြီး(၇)ခုလုံး ဟန်ချက်ညီညီ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားစေလိုကြောင်း ပြော ကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးသည့် ကုမ္ပဏီ(၂)ခု၊ ပြည်ပ မှ ကုန်ကြမ်းပစ္စည်းမှာယူသည့် ကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းတည်ဆောက်ခွင့်သက်တမ်းတိုးခြင်း ကုမ္ပဏီ (၁) ခုတို့၏ အမှုတွဲများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ကုမ္ပဏီများ၏ တင်ပြချက်များနှင့်ပတ်သက်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခြင်း အမေရိကန်ဒေါ်လာ(၇.၂၆)သိန်း တိုးတက်ဝင်ရောက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၀၉.၇၄၈)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း(၁၉၇၀၅၄.၂၂၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၃၃၂၁)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။