ပဲခူး ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် “စက်ချုပ်နည်းပညာသင်တန်းများ”ဖွင့်ပွဲနှင့် ဖွင့်လှစ်ပြီးသင်တန်းများမှ ကျေးလက်နေပြည်သူများအတွက် “ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ” အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ အကောင်အထည် ဖော်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျေးလက်နှင့်မြိုပြ လူမှုစီးပွားဖွံ့ဖြိုးမှု ကွာဟချက်မရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုး ပမ်းဆောင်ရွက်ပေးလျက်ရှိသလို သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်း(၂၂)ခု ဖွင့်လှစ်ရန် လျာထားခဲ့ပြီး သင်တန်း(၁၉)ခု ဖွင့်လှစ်ခဲ့ပေးပြီးဖြစ်ကြောင်း၊ စက်ချုပ်နည်းပညာသင်တန်းမှ သတ်မှတ်ချက် နှင့့်အညီ ထူးချွန်တဲ့ သင်တန်းသူ(၁၀)ဦးတို့ကို လုပ်ငန်းထူထောင် လုပ်ကိုင်နိုင်စေဖို့အတွက် တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းနဲ့ညီမျှတဲ့ လုပ်ငန်းသုံးစက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သင်တန်းဆင်းတဲ့အခါ တစ်ပါတည်း ပေးအပ်သွားမှာဖြစ်ကြောင်းနှင့် သင်တန်းသူများအနေနဲ့ သင်တန်းမှ သင်ကြားပေးမည့် စာတွေ့လက်တွေ့ သင်ခန်းစာများကို ကြိုးစားလေ့လာမှတ်သား သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သင်တန်းများမှ ထူးချွန်သင်တန်းသား/သူများအား လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရန် “ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲ” အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဝေါမြို့နယ်၊ ပြွန်စုကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူများနှင့် ဝန်ကြီးချုပ်၏ ဇနီးဒေါ်စိုးစိုးသက်က ကဝမြို့နယ်၊ ပင်ကလောင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် စက်ချုပ် နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူများအား လုပ်ငန်းထူထောင်လုပ်ကိုင်ရန် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတို့မှ ထူးချွန်သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြပြီး ပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။
ယခုဖွင့်လှစ်ပေးသည့် စက်ချုပ်နည်းပညာသင်တန်းအား ဩဂုတ်လ(၂၇) ရက်နေ့မှ အောက်တိုဘာလ (၁၂)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့မှ ရဲတပ်ဖွဲ့ဝင် မိသားစု သင်တန်းသူ(၃၀)ဦး တက်ရောက်ကာ သင်တန်းနည်းပြများက အမျိုးသမီးဝတ် အင်္ကျီ၊ လုံချည်၊ ဘောင်းဘီ၊ ဂါဝန်များနှင့် စကပ်များ၊ အမျိုးသားဝတ် ရှပ်အင်္ကျီချုပ်နည်းများကို ကိုယ်တိုင်ချုပ်လုပ်နိုင်သည်အထိ စာတွေ့၊လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website