ပဲခူး အောက်တိုဘာ ၃၀

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲ၌ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးမှ ဘာသာရပ်(၁၀၆)ခု၊ ပြိုင်ပွဲဝင် (၂၂၀)ဦးဖြင့် သွားရောက်ယဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၁၄)ခု၊ ကြေးတံဆိပ်(၁၄)ခု စုစုပေါင်း (၄၀)ဆုရရှိခဲ့ပြီး ယခင်နှစ်ကထက် ပိုမိုအောင်မြင်မှုများရရှိခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်(၅) နေရာရရှိခဲ့ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏ အနုပညာရပ်နယ်ပယ်အသီးသီးတွင် ကျွမ်းကျင် ပိုင်နိုင်သူများ၊ အရည်အချင်းရှိသူများဖြစ်ကြသော်လည်း အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးစံနှုန်းများနှင့် ညီညွတ်အောင် ယှဉ်ပြိုင်ကြိုးပမ်းနိုင်မှသာ ပထမရွှေတံဆိပ်ဆုကို ရရှိနိုင်တယ်ဆိုတာ အသိပြုကြရမှာဖြစ် ပြီး လာမည့်(၂၈)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ယခုထက်ပိုမို အောင်မြင်မှုများရရှိစေရေး ကြိုးစားအားထုတ်လေ့လာသွားကြစေလိုကြောင်း ဂုဏ်ပြုအမှာ စကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ပထမဆုရွှေတံဆိပ်ရရှိခဲ့သူ (၁၂)ဦးအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးတို့က ဒုတိယငွေတံဆိပ်ရရှိခဲ့သူ(၁၄)ဦးနှင့် တတိယကြေး တံဆိပ်ရရှိခဲ့သူ(၁၄)ဦးတို့အား ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြရာ ပြိုင်ပွဲဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် အဆိုဘာသာရပ်၌ ဆုရရှိခဲ့ကြသူများက “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း” သီချင်းနှင့် “ချမ်းမြေ့ ပါစေ” တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုရ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website