ပဲခူး ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၌ တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးဖြစ်သည့် တောင်ပျံမွှေး မျိုးစေ့ထုတ်စိုက်ခင်း ဧက(၅၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ် နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက် တန်ဖိုးမြင့်စပါးမျိုးများသည် ပြည်တွင်းစားသုံးမှု အတွက် ဈေးကွက်ရရှိထားပြီး ပြည်ပပို့ကုန်အထိ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများတွင် ခေါင်နှံစနစ်ဖြင့် မျိုးသန့်ခြင်း၊ မျိုးပွားခြင်းများကို ဆောင်ရွက်သွားရန်နှင့် တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်ဧကကွက်များဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်မှသာ တောင်သူများနှင့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ မိုးစပါးစိုက်ရာသီ ပြီးပါက ကြားသီးနှံအဖြစ် ဆီထွက်သီးနှံပဲပုပ်စိုက်ပျိုးရန်၊ စိုက်ပျိုးမြေနှင့် စိုက်ပျိုးရေအား အကျိုးရှိရှိစနစ်တကျ သုံးစွဲရန်၊ မိမိတို့ဒေသရှိ ရေမြေသဘာဝနှင့်ကိုက်ညီသည့် တန်ဖိုးမြှင့်သီးနှံများကို ရွေးချယ်စိုက်ပျိုးကြရန်နှင့် သဘာဝဂေဟစနစ်ကို ထိခိုက်ပျက်စီးမှုမရှိစေရေး အားလုံးဝိုင်းဝန်း ထိန်းသိမ်းကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးက ဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဒေသခံတောင်သူများအတွက် ဆီထွက်သီးနှံ ရေဆင်း(၁၅) ပဲပုပ်မျိုးစေ့များ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျေးလက်နေပြည်သူများ တစ်ဘက် တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး နှစ်ရှည်သီးနှံစိုက်ခင်းများတွင် ရောနှော စိုက်ပျိုးနိုင်သည့် ရိုဘက်စတာကော်ဖီပျိုးပင် (၅၀၀၀၀) ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီ အတွင်း ပျိုးပင်အားလုံး ဖြန့်ဝေပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရွက်ဖျန်း မြေဩဇာ ထုတ်လုပ်နိုင်ရေး စွန့်ပစ်စပါးခွံဖြင့် Biochar ပြုလုပ် အသိပညာပေးခြင်းအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website