Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၅
===================

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၅) ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖေဖော်ဝါရီ(၁) ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တပ်မတော်မှ တာဝန်ယူပြီးသည့်နောက် စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်အား ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မိမိတို့၏ ရည်မှန်းချက် တာဝန်များကို လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အောင်မြင်အောင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည် ကောလဟလသတင်းများ များပြားလျက်ရှိသဖြင့် မမှန်ကန်သည့် သတင်းများကို အောက်ခြေ အထိ ချပြရှင်းလင်းရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်း ဥပဒေနှင့်အညီ သိရှိ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုသည် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တို့အား လွတ်လပ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြား လာပါက ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် အခြေခံ လူမှုစီးပွားများ ထိခိုက်လာ နိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ တည်ဆဲအမိန့်၊ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း မူလအစီအစဉ်အတိုင်း အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်များက လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တင်ပြသည့် ဌာနဆိုင်ရာ အလိုက် လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။