Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်ရှိ MSME လုပ်ငန်းရှင် ဒေါ်ချိုချိုဝင်း၏ “ချိုချိုစံ” ယက္ကန်းအလုပ်ရုံနှင့် စည်းလုံချည်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရွှေတောင်ဒေသသည် အထည်အလိပ် လုပ်ငန်းများ ရေခံမြေခံကောင်းမွန်ခဲ့သော ဒေသဖြစ်၍ ဒေသထွက်ဝါကုန်ကြမ်းများဖြင့် ကုန်ချောအဆင့်ထိ နိုင်ငံတကာအဆင့်မီ ဒီဇိုင်းဆန်းများရေး ထုတ်လုပ်ရောင်းချရန်နှင့် ချည်ထည်များအား သေသပ်လှပသော နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုပုံစံများဖြင့် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ တည်ကုန်း လမ်းရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးလှဝင်း၏ နို့စားနွားနှင့် ဆိတ် တွဲဖက်မွေးမြူထားရှိမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး နွားနို့အား ကုန်ကြမ်းပစ္စည်းအဖြစ် ရောင်းချခြင်းမပြုဘဲ နို့ဆီ၊ နို့စိမ်းနှင့် ဒိန်ခဲကဲ့သို့ တန်ဖိုးမြှင့်ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရွှေတောင် မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၂) မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ အချိန်တိုအတွင်း လူမှုစီးပွားဘဝ မြင့်တင်ပေးနိုင်ရန်အတွက် တန်ဖိုးမြှင့်စပါးများ စဉ်ဆက်မပြတ် တိုးချဲ့စိုက်ပျိုးကြရန်နှင့် Rice Export Zone များတွင် ပြည်ပပို့ကုန်ဈေးကွက်မြင့်မားသည့် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြရန် ပြောကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ရွာသာယာ ကျေးရွာအုပ်စုရှိ စပါးအထွက်နည်းခဲ့သည့် သဲဆန်ကုန်းကြောလယ်မြေများအတွက် ယာ(၁၄)စပါးမျိုး  ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ပေးခဲ့မှုကြောင့် အောင်မြင်ဖြစ်ထွန်းနေသည့် စံပြစိုက်ခင်းဧက(၁၀၀)အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာသီပြီးပါက ဆီထွက် သီးနှံ ပဲပုပ်စိုက်ပျိုးနိုင်ရေး အသိပညာပေးခဲ့ကာ ရေဆင်း(၁၅) ဆီထွက်ပဲပုပ်မျိုးစေ့များ ဖြန့်ဝေပေးခဲ့သည်။ ၎င်းနောက် ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်သို့ ရောက်ရှိခဲ့ပြီး စေတီတော်ရင်ပြင် တိုးချဲ့ နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စေတီတော်မြတ်ကြီးဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။