Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် နိုဝင်ဘာ ၁

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ဝန်ဆင်ဆိပ်ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း မိုးနှောင်းချည်မျှင်ရှည်ဝါ ဧက(၂၀၀) အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံဝါစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ ဆောင်းဟင်းသီးဟင်းရွက်အထူးဇုန် တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀)စိုက်ပျိုး အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဟင်းသီးဟင်းရွက်အထူးဇုန်မှ ထွက်ရှိသည့် စားဖို ဆောင်သီးနှံများအား ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအရောင်းဆိုင်၌ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တစ်ကွင်း တစ်ဆက်တည်း ဆီထွက်ပဲပုတ်စိုက်ခင်း ဧက(၁၅၀) အောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး နှစ်စဉ် ဆီထွက်ပဲပုတ်များ တိုးချဲ့စိုက်ပျိုးရေး စီမံချက်များအတိုင်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်း ညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ရေဆင်းပေါ်ဆန်း(၁) မျိုးစေ့ထုတ်စိုက်ခြင်း စုပေါင်းရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကာ ဆောင်းသီးနှံအတွက် ပဲတီစိမ်း၊ မတ်ပဲ၊ ဆီထွက်ပဲပုတ်နှင့် နေကြာမျိုးစေ့များ ပံ့ပိုးပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။