ပဲခူး စက်တင်ဘာ ၁၅

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများက မိတ်ဆက်ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ ရခိုင်ပြည်နယ်အသင်း၊ နေပြည်တော်ကောင်စီအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ နည်းပြနှင့်အုပ်ချုပ်သူများထံ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီး လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး/ ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်များကို ပဲခူးတိုင်းဒေသကြီးအသင်း၊ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း တို့ပါ ဝင်ကာ စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ပဲခူးမြို့၊ အားကစားဥယျာဉ်ကွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website