Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၅

     ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အားကစားဥယျာဉ်၊ မိုးလုံလေလုံ အားကစားရုံ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

      ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၆) ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲအား အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းနိုင်စေရန်၊ တိုင်း ဒေသကြီးအတွင်း အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုဖြင့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသမီးငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးငယ်များ မွေးထုတ်ပေးရန်နှင့် အမျိုးသမီးများ၏ အားကစားကဏ္ဍမြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပြု လုပ်ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

        ထို့နောက် ပြိုင်ပွဲဝင် ကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်တို့က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

        ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ပြိုင်ပွဲဝင်အသင်းများမှ အေရိုးဗစ်လေ့ကျင့် စုပေါင်းသရုပ်ပြသနေမှု့အား ကြည့်ရှု့အားပေးခဲ့ကြသည်။ အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုအဖွဲ့ (အေရိုးဗစ်)ပြိုင်ပွဲကို နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။