Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး နိုဝင်ဘာ ၁၈

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပန်းတောင်းမြို့ နယ်၊ တောင်ပို့ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ဆိတ်မွေးမြူရေးအပြင် ဒေသဝက်၊ ဒေသ ကြက်နှင့် ဒေသနွား တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဒေသဆိတ် ကောင်ရေ(၁၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဘုရားပေါ်ကျေးရွာ၌ မိုးနှမ်းရိတ်သိမ်းပြီး ဒုတိယသီးနှံ ပဲစဉ်းငုံသီးညှပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် သီးထပ် စွမ်းအား တိုးတက်စေရေး ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံနှင့်မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ သရက်လိန် ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစံပြကွက် ဧက(၁၀၀) စုပေါင်းရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တစ်နှစ်သုံးသီးစိုက် လယ်မြေများဖြစ်ကာ ကြားသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးခြင်းသည် မြေဩဇာကောင်းမွန်စေပြီး ပန်းတိုင်အထွက်နှုန်းရရှိသဖြင့် တစ်နှစ်သုံးသီးစိုက် လယ်မြေများတိုးတက် လာစေရေး စိုက်ပျိုးရေရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများအား မှာကြား ခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကရင်စုကျေးရွာ၌ ဆီထွက်သီးနှံပဲပုတ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် မတ်ပဲ အတန်းလိုက် အစေ့ချ စိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စက်ကိရိယာအသုံးပြု စိုက်ပျိုးခြင်းသည် လုပ်သားရှားပါးခြင်းကို ဖြေရှင်းပေးနိုင်သည့်အပြင် တစ်ဧက မျိုးစေ့စရိတ်သက်သာခြင်း၊ ရောဂါကျရောက်မှု နည်းပါးခြင်း၊ အပင်၊ အရွက်၊ အသီး၊ အပွင့်များအတွက် သွင်းအားစုကို အကျိုးရှိစွာ သုံးစွဲနိုင်ခြင်း၊ အထွက်နှုန်းတိုးတက်ခြင်းနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ နိုင်မှာဖြစ်၍ စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့်ပြောင်းလဲနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။