ပြည် ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ကြို့ရသာကျေးရွာ၌ ဦးအောင်ဇင်မင်း၏ “A One” လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်၍ Mobile ပဲအမျိုးမျိုးခြွေလှေ့စက်နှင့် ပဲရိတ်သိမ်းစက် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ ပြီး တောင်သူများတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်သည့် ဘက်စုံသုံးလယ်ယာသုံးစက်ကိရိယာများ ဆက်လက်ထုတ်လုပ်ရန်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ မှာယူထားသည့် လယ်ယာသုံးစက် ကိရိယာများ အချိန်မီထုတ်လုပ်ပေးနိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်းများလွယ်ကူစွာရရှိရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စက်သုံးဆီလျော့ချသုံးစွဲနိုင်ရန် ပြည်မြို့၊ ရွှေဝါထွန်း လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းဦးမှ ဆိုလာ အားသွင်းစနစ်သုံး ထွန်ယက်ထုတ်လုပ်စမ်းသပ်မောင်းနှင်မှုများ ကြည့်ရှုအားပေးခဲ့ပြီး မြေအမျိုးအစား မရွေး အချိန်ကြာမြင့်စွာ ထွန်ယက်အသုံးပြုနိုင်ရေးနှင့် စေ့ချစနစ်တစ်ပါတည်း ထည့်သွင်းတီထွင်ဆောင် ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ အုပ်စု၌ စားဖိုဆောင်သီးနှံ တစ်အုပ်တစ်မစိုက်ခင်း ဧက (၃၀၀) စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရာသီသီးနှံစိုက်ပျိုးပြီးပါက ဆီထွက်ပဲပုပ်စိုက်ပျိုးနိုင်ရေး ပေါင်စပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ နဝဒေးစက်မှုဇုန်ရှိ ဦးသိန်းထွန်းဝင်း၏ “သာလွန်ကောင်း” သဘာဝမြေဩဇာ ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ပြည်မြို့တွင်းလမ်းမိုင်(၂/၄-၂/၅)အတွင်း လမ်းတာဘောင်ပြိုကျပျက်စီးအပေါ် ယာယီမြေထိန်းနံရံ ဆောင်ရွက်ထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံပြိုကျမှုမရှိစေရေးနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး အန္တရာယ်ရှိ လမ်းညွှန်အမှတ်အသားများ၊ အသိပေးရောင်ပြန်များ ထားရှိရန်နှင့် အမြန်ဆုံးပြန်လည်ပြုပြင် နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website