ပဲခူး နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ရေဆင်းပေါ်ဆန်းမျိုးစပါးဧက (၁၀၀) ရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နွေစပါးမစိုက်ပျိုးမီ ဆောင်းသီနှံအဖြစ် ဆီထွက်ပဲပုတ်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများသည် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မရပ်ကွက်၌ Solar စနစ်ဖြင့် ဆန်စက်လည်ပတ်နေသည့် ဦးသန်းထိုက်၏ ဇမ္ဗူဝင်း ဆန်စက်အား သွားရောက်အားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် စပါးအခြောက်ခံ စက်များကိုလည်း တွဲဘက်သုံးစွဲရန် လမ်းညွှန်မှာကြားခဲ့ပြီး Export ဆန် ကြိတ်ခွဲနေမှုများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် နတ်တလင်းမြို့ကျက်သရေဆောင် သကျမဟာမြတ်မုနိဘုရားကြီးအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇီးကုန်းမြို့မဈေးအတွင်း၌ တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ငွေကျပ်(၁၁၅.၂)သန်းဖြင့် အကျယ် ၉၆ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေရှိဈေးရုံအသစ် ထပ်မံတည်ဆောက်ပေးမည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ ဈေးအတွင်း ဈေးသူ/သားများအား ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ သပြေကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးစိုးနိုင်၏ အသားတိုးဝက် နှင့် မျိုးဝက်များ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာထုတ်လုပ်မွေးမြူနိုင်ရေး၊ ဒေသဝက်နှင့် ဒေသကြက်တို့အား တွဲဘက်တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website