Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပ

ပဲခူး ဩဂုတ် ၂၆

          ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ပူဇော် ခဲ့ကြသည်။

         ရှေးဦးစွာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ် ကို ရိုသေစွာ နာယူကြည်ညိုကြသည်။

        ထို့‌နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး များထံ ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်ရုံလွှာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

         ယင်းနောက် ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် (အဘိ ဓဇမဟာရဋ္ဌဂုရု) ဘဒ္ဒန္တသိရိန္ဒ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်းသိရသည်။

      ယနေ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲတွင် ပဲခူးမြို့‌ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၅)ကျောင်းမှ သံဃာတော်အရှင်သူမြတ်(၁၁၁)ပါး၊ ဝါဆိုသင်္ကန်း(၁၁၁)စုံ၊

သီလရှင်ကျောင်း (၁၁၅)ကျောင်းမှ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေး(၂၄၇၄)ပါး သီလရှင် ဝတ်စုံ(၂၄၇၄)စုံနှင့် လှူဖွယ်ဝတ္ထုများ စုစုပေါင်း ငွေကျပ်သိန်း(၁၀၀၀)ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။