Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး)ဘုရားဝန်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သစ်တောသစ်ပင်များ တည်ရှိခြင်း သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးဖြစ်စဉ်များကို လျော့ချပေးနိုင်မှာဖြစ်၍ စိုက်ပျိုးသည့် သစ်ပင်များအား တစ်ပင်စိုက်တစ်ပင်ရှင် စနစ်ဖြင့် ပြုစုထိန်းသိမ်း စောင့်ရှောက်သွားကြရန် ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များထံသို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပျိုးပင် များ ပေးအပ်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများက သတ်မှတ်နေရာ အသီးသီး၌ ပိတောက်၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ငုရွှေဝါ၊ မယ်ဇယ်၊ ပျဉ်းမနှင့် မဟော်ဂနီ စုစုပေါင်းသစ်ပင်(၁၅၀၀) စိုက်ပျိုးပေးခဲ့ကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။