Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

စက်တင်ဘာ ၂၂ (ပဲခူး)
===============

စက်တင်ဘာလ(၂၂)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို သာတူညီမျှခံစားရရှိရေးအတွက် ကြိုးစားဖော်ဆောင်ပေးလျက်ရှိကြောင်း၊ လူမှုရေးပင်စင် ထောက်ပံ့မှုများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်းကိုလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှုရရှိစေရန် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မသန်စွမ်းဖြစ်မှုကို လျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်းများလည်းရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ သက်ကြီးရွယ်အိုကဏ္ဍ စသည်ဖြင့် ကျယ်ပြန့်သောကြောင့် ပြည်သူများ၊ အဖွဲ့အစည်းများက အားလုံးပူးပေါင်း ကူညီကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မသန်စွမ်းသူများအတွက် အားပေးစကားပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့မှ မသန်စွမ်း(၁၅၄၉၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၄၆၄၇၃၀၀၀၀)ကျပ်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများနှင့် မသန်းစွမ်းသူများထံသို့လည်းကောင်း၊ ညောင်လေးပင်မြို့နယ် ဂျောင်းတာဒိုင်နယ်ကျေးရွာအုပ်စု၊ ဂျောင်းတာဆာဆေး တာလမ်းတံတားအတွက် ထောက်ပံ့ငွေ(၉၈)သိန်းကျပ်အား ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မသန်စွမ်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် မသန်းစွမ်းများ၏ လက်ဝယ်သို့ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့ကြသည်။
ယနေ့ ထောက်ပံ့ငွေပေးအပ်ရာတွင် ပဲခူးခရိုင်မှ မသန်စွမ်းသူ(၅၈၇၉)ဦး၊ တောင်ငူခရိုင်မှ မသန်စွမ်းသူ(၅၆၂၃)ဦး၊ ပြည်ခရိုင်မှ မသန်စွမ်းသူ(၂၈၃၃)ဦး၊ သာယာဝတီခရိုင်မှ မသန်စွမ်းသူ(၁၁၅၆)ဦး၊ စုစုပေါင်းမသန်စွမ်းသူ(၁၅၄၉၁)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀ဝိ/)ကျပ်နှုန်းဖြင့် စုစုပေါင်း(၄၆၄၇၃၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုနည်းလမ်းအပြင် ဘဝရပ်တည်မှု တိုးတက်စေရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး စွမ်းနိုင်သမျှစွမ်းအောင် လေ့ကျင့်သင်ကြား ပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းခြင်း၊ အမျိုးသားအဆင့် မဟာဗျူဟာများ ချမှတ်ခြင်း၊ အမျိုးသားကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ အကောင်အထည်ဖော်လျက်ရှိကြောင်း သတင်းရရှိသည်။