Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဇွန် ၁၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လွှတ်တော်ဥက္ကဋ္ဌတို့အား မြန်မာ့ မီးရထားတိုင်း(၆)တာဝန်ရှိသူများက ရန်ကုန်-ပြည် ရထားလမ်းတစ်လျောက် အဆင့်မြှင့်တင်ဆောင်ရွက် နေမှု၊ တရားမဝင်လမ်းကူးနေရာများ တည်ရှိနေမှု၊ DEMU အထူးအမြန်ရထားပြေးဆွဲမည့် အခြေအနေနှင့် ခေတ္တရပ်နားမည့် ဘူတာစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီ-ပြည် ရထားလမ်း တစ်လျှောက် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားလမ်းဘေးဝဲယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးရန်၊ မီးရထားနှင့်မလွတ်ကင်းသည့် သစ်ပင်များဖယ်ရှားရှင်းလင်းရန်၊ တရားမဝင်ရထားလမ်းကူး များ နေရာများပိတ်သိမ်းနိုင်ရေးနှင့် ရထာလမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင် ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ ခရိုင်၊ လက်ပံတန်းဘူတာသို့ ရောက်ရှိခဲ့ပြီး ဘူတာအဆောက်အဦများ ဘက်စုံအဆင့်မြှင့်တင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် RBE ရထားတွဲဖြင့် ပြည်ဘူတာသို့ရောက်ရှိခဲ့ပြီး ဘူတာပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် ဘူတာရှေ့ပန်းခြံအား ပြန်လည်ပြုပြင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။