Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူး ဇူလိုင် ၁

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြွန်တန်ဆာမြို့ရှိ “သပြေရိပ်” လယ်ယာသုံးစက်မှု/လက်မှုလုပ်ငန်းသို့ သွားရောက်ခဲ့ပြီး ဒေသတွင်းထုတ်လုပ်လျက်ရှိသည့် ရိတ်သိမ်း ခြွေလှေ့စက်နှင့်တွဲဘက်ထားသည့် ပဲသန့်စင်စက်၊ လယ်ယာသုံးဓါးစက်တုံး၊ ၃၂ လက်မ လယ်ယာသုံးသံဘီး နှစ်တန်းထိုးကြားပေါင်းလိုက်သမန်းနိုးစက်နှင့် တစ်တန်းထိုးကြားပေါင်းလိုက် သမန်းနိုးစက် တီထွင်ထုတ် လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ဈေးကွက်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်စုပေါင်းရုံးသို့ ရောက်ရှိခဲ့ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တံခါးမြို့မှ ၂၀၂၅-၂၀၂၆ခု ပညာ သင်နှစ်၌ မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာတွဲ ပထမအဆင့် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သူ မစုမြတ်အောင်နှင့် မိသားစုများ၊ ဆရာမများနှင့် တွေ့ဆုံအား ပေးစကား ပြောကြားခဲ့ပြီး သီးခြားဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ဒေသခံပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများအား နွေးနွေးထွေးထွေး လိုက်လံမေးမြန်းခဲ့ရာ သက်ဆိုင်ရာဆရာဝန်ကြီးများ က ဆေးကုသပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ညောင်လေးပင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ဦးသိန်းလွင်၏ “ရွှေခေတ်” မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထုတ်ပိုးမှုပုံစံများ အဆင့်မြှင့်တင်နိုင်ရေး နှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ဆေးရိုးခင် ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးစောဆာကေ၏ ဒေသကြက်ကောင်ရေ(၅၀၀၀) ကိုယ်တိုင်ထုတ်လုပ် မွေးမြူနေမှုနှင့် အသားတိုးဝက် မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသားစားသုံးမှုဖူလုံပိုလျှံစေရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူး-ညောင်လေးပင် ကားလမ်းတစ်လျှောက် မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးနေမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။