နတ်တလင်း နိုဝင်ဘာ ၂၃

နတ်တလင်းမြို့ ကျက်သရေဆောင် သကျမဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓမြတ်စွယ်တော် လှည့်လည် အပူဇော်ခံပွဲအား ယမန်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ကျက်သရေဆောင် သကျမဟာမြတ်မုနိဘုရားကြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်လှူဒါန်းခဲ့ကြ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာ ကျွေးမွေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ယာယီစံကျောင်းတော်၌ ကိန်းဝပ်စံပယ်လျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်အား စတင်ပင့်ဆောင်ပေးခဲ့ကြ သည်။ ၎င်းနောက် ဗုဒ္ဓမြတ်စွယ်တော်အား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တို့က နတ်တလင်းမြို့အတွင်း လှည့်လည်အပူဇော်ခံမည့် မင်္ဂလာကရဝိတ်ယာဉ်ပေါ်သို့ အဆင့်ဆင့် ပင့်ဆောင်ပေး ခဲ့ကြသည်။
ဆက်လက်၍ ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာကရဝိတ်ယာဉ်ဖြင့် နတ်တလင်းမြို့အတွင်းသို့ ဒေဝါဝင်း ရာဇာဝင်း ခြံရံလျက်လှည့်လည်အပူဇော်ခဲ့ရာ ဖူးမြှော်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ညပိုင်းအချိန်တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ တေးဂီတဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ ၁၂ ရာသီပွဲဈေးတန်းများဖြင့် ညစဉ်စည်ကား သိုက်မြိုက်လျက် ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website