ပဲခူး မေ ၃၁

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်းတော် ရွှေအစစ်ချ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း မင်္ဂလာအောင်ပွဲအခမ်းအနားကို မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်ကြီးများ ဦးဆောင်ကာ လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြပြီး ရန်ကုန်မြို့၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော်ကြီး(၂)ပါးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က စက်ခလုပ်နှိပ်၍ ပူဇော်ဖွင့်လှစ်ပေးကာ ဆရာတော် သံဃာတော်များက ဇယမင်္ဂလာ အောင်ဂါထာတော်ကို (၃)ကြိမ်ရွတ်ဆို ပူဇော်ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကို ဆောင်ရွက် တော်မူကြသည်။
ယင်းနောက် ရေစက်ချအလှူမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဧည့်ပရိတ်သတ် များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ် တရားတော်များကို နာယူကြည်ညိုကာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အလှူရှင်များက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းဆိုင်ရာ အလှူတော်ငွေများကို ပေးအပ်လှူဒါန်း ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်မြို့၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website