နေပြည်တော်၊ အောက်တိုဘာ ၁၆

အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ အားကစားနှင့်ကာယပညာ ဦးစီးဌာန ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ” ကို မိမိတို့ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန် တာဝန်ပေးစီစဉ်ဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်လူရွယ်များ လက်ဝှေ့ အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ကိုယ်စားပြု သွေးသစ်လက်ဝှေ့အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ လက်ဝှေ့အားကစားနည်း သည် ဇွဲ၊ သတ္တိတို့ကို အခြေခံပြီး ကိုယ်စိတ်နှစ်ပါးကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် နည်းစနစ်မှန်ကန်မှုတို့ကို အဓိကထားပြီး ပေါင်းစပ်ယှဉ်ပြိုင်ရပြီး ကိုယ်အလေးချိန် ဝိတ်တန်းတူညီသူ တစ်ဦးချင်းသာ ယှဉ်ပြိုင်ရ သည့် အားကစားနည်းဖြစ်ကြောင်း၊ မြန်မာလက်ဝှေ့အားကစားသမားများသည် အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများဖြစ်သည့် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး အောင်မြင်မှု အစဉ်အလာကောင်းခဲ့သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာ့လက်ဝှေ့အားကစား အဖွဲ့ချုပ်အနေဖြင့် ၁၉၅၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ အာရှအဆင့်ဖိတ်ခေါ်ပြိုင်ပွဲ အပါအဝင် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၁၃ ခုနှင့် ၁၉၅၉ ခုနှစ်၊ ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆယ် အားကစားပြိုင်ပွဲမှစတင်ပြီး ၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ နိုင်ငံတော်အတွက် စုစုပေါင်းရွှေတံဆိပ် ၂၇ ခု၊ ငွေတံဆိပ် ၃၉ ခု၊ ကြေးတံဆိပ် ၈၇ ခုတို့ကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့တော်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာ့လက်ဝှေ့ အားကစားအဆင့်အတန်း ယခုထက် ပိုမိုတိုးတက်မြင့်မားပြီး အောင်မြင်မှုများရရှိအောင် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများကလည်း ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း၊ ဒိုင်လူကြီးများ ကလည်း ဘက်လိုက်မှုကင်းရှင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း တရားမျှတစွာ ဆုံးဖြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို လေးစား လိုက်နာပြီး မိမိတို့၏ ခံနိုင်ရည်၊ ဇွဲ၊ စိတ်ဓာတ်များနှင့် တစ်ဦးချင်း၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင်အသင်းကြီးကို အင်အားဖြည့်တင်း ပေးနိုင်မည့် မျိုးဆက်သစ်လူငယ် လက်ဝှေ့အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစား သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ”ကို ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်ပြီး အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုခဲ့ကြပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် လက်ဝှေ့အားကစားသမားများ၏ ဝိတ်တန်းအမျိုးအစားအလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ ပေါ်ထွက် လာစေရေးနှင့် လက်ဝှေ့အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးတို့အတွက် ရည်ရွယ်၍ “၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ” ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံ အားကစားရုံ၌ ပြိုင်ပွဲကာလပ (၈)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၄)သင်း၊ အမျိုးသမီးအသင်း(၁၄)သင်း၊ စုစုပေါင်းအင်အား (၂၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website