Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၌ စပါးခွံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၌ စပါးခွံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂

=================

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၌ စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာတောင့်နှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် အဆိုပါလုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာ ထောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant)တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံလောင်စာတောင့်များ ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်၍ ကျေးလက်ဒေသများအထိ ထင်းအစားထိုး သုံးစွဲနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ပပို့ကုန် အဖြစ်လည်း ဈေးကွက်ရရှိနိုင်ရေး ဆောင်ရွက်ရန်၊ ဆန်စက်လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ (Gasifire Power Plant)ဖြင့် လျှပ်စစ်ဓါတ်အား လျော့ချသုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား (Gasifire Power Plant) လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထာဝရမိဘမေတ္တာ ပဲတီစိမ်းအဝယ်ဒိုင်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများမှ သွင်းအားစုတန်ဖိုး ကျပ်(၂)သိန်းနှင့်ညီမျှသည့် ပဲတီစိမ်းများ ပြန်လည်ပေးသွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ နွေစပါးအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထပ်မံတိုးချဲ့စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေ ရရှိရေး ဆိုလာရေတင်စနစ်အား စီမံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သနပ်ပင် မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်း(၅၀၀၀၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန် အထိ ဧက(၁၇၀၀၀)ကျော် ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာ၊ ဦးဝင်းထိုက်မောင်၏ ဥစားဘဲ အကောင်ရေ(၄၀၀၀၀)နှင့် မျိုးဘဲကောင်ရေ(၁၀၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်စိုက်ပျိုးရန်၊ ဘဲဥအား ရေရှည်စာသုံးနိုင် ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆေးဘဲဥ၊ ဆားရည်စိမ်ဘဲဥများ ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ကွင်းအမှတ် (၈၅၉-က)၊ ဦးပိုင်အမှတ်(၂၁)၊ တောင်သူဦးမင်းနောင်၏ ဘောင်စနစ်ဖြင့် နွေစပါး(၅)ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးနှင့် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် ရက်(၉၀)မျိုးစပါးရရှိရေး၊ စိုက်ပျိုးရေအချိန်မီရရှိရေးနှင့် တစ်ကွင်းတစ်ဆက်တည်း မျိုးတူစပါးမျိုးကိုသာ စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။